မွေးရးပ်ဇာတိ
စောဂျွန်ဆင်ဒီဘိုးမင်းသည် တောင်ငူမြို့၊ စစ်တောင်းမြစ်အရှေ့ဖက်ခြမ်း၊ ကသဲစုကျေးရွာတွင် အဖ ဒေါက်တာဒါမေဘိုးမင်း၊ အမိ နော်ဆယ်ဖောတို့မှ မွေးဖွားသော သားသုံးယောက်အနက် သြရသသားကြီးဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၉၀၄-ခု၊ ဧပြီလ (၂၇)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့ သူဖြစ်ပါတယ်၊
စောဂျွန်ဆင်ဒီဘိုးမင်းသည် ငယ်စဉ်ပညာသင်ချိန်၌ တောင်ငူမြို့-ဘန်းကားမစ်ရှင် အထက်တန်းကျောင်း-တွင် ဆဋ္ဌမတန်းအောင်မြင်သည့်အထိ ပညာဆည်းပူးခဲ့သည်၊ထို့နောက် ရန်ကုန်မြို့၊ ကူရှင်အထက်တန်းကျောင်းတွင် ဒဿမတန်းအောင်မြင်သည့်အထိ ဆက်လက် ပညာဆည်းပူးခဲ့ပြီး ရန်ကုန် -ဂျပ်ဆင်ကောလိပ်-တွင် L.A Senior အောင်မြင်သည့်အထိ တက္က သိုလ်ပညာကို (၂)နှစ် သင်ယူခဲ့သည်။
အိမ်ထောင်သည်ဘဝ
တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မပြီးမြောက်ခင်မှာပဲ ဆွေမျိုးတော်စပ်သူ -နော်သေး ဖြူ-နှင့် အိမ်ထောင်ကျခဲ့သည်၊ ၄င်းတို့ နှစ်ဦးအိမ်ထောင်သက်တမ်းတွင် သားသမီး (၁၁) ယောက်ထွန်းကားခဲ့သည်၊ အိမ်ထောင်ကျပြီးသည့်နောက် အမျိုးသားအကျိုးအတွက် ဆောင် ရွက်နေသော ဖခင်ကြီး၏ အလုပ်ကိစ္စများကို တတ်အားသရွေ့ပါဝင်ဆောင်ပေးခဲ့ရသလို တစ် ဖက်မှာလည်း မိဘများပိုင်ဆိုင်သော ဆင်များနှင့် လုပ်ဆောင်ရသော သစ်လုပ်ငန်းများကို လည်း ကွပ်ကဲစီမံဆောင်ရွက်ပေးရသည်။
ဘ၀အပြောင်းအလဲ
၁၉၂၆-ခုနှစ်၌ ဆင်ဖြူတော်ကို အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများသို့ ခေါ်ဆောင်ပြသခဲ့သော ဖခင်ကြီး၏ အနောက်နိုင်ငံခရီးစဉ်၌ ဖခင်နှင့်အတူ ညီဖြစ်သူ စောတွန်မ်ဆင်နှင့်တကွ လိုက် ပါသွားကြသည်၊ ထိုခရီးစဉ်မပြီးဆုံးမီ မြန်မာနိုင်ငံတွင် ဆောင်ရွက်စရာကိစ္စများရှိနေ၍ မိမိတစ် ဦးတည်း မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်၊ ဖခင်ကြီးသည် နိုင်ငံခြားခရီးစဉ်မှာ ပြန်ရောက်လာပြီး မကြာခင်မှပဲ ၁၉၃၁-ခုနှစ်တွင်ကွယ်လွန်ခဲ့ပါသည်၊ ဖခင်ကွယ်လွန်ပြီး နောက် မခင်ကြီးအပါးမှာ သားသမီးအရင်းချာဟူ၍ စောဂျွန်ဆင်ဒီဘိုးမင်းတစ်ယောက် တည်းသာ ရှိနေ ခဲ့ပါသည်၊ ညီဖြစ်သူ စောဝေါလ်ဆင်မှာ တောင်ငူတွင် မေးခိုင်ရောဂါဖြင့် ကွန်လွန်ခဲ့ရပြီး ညီလတ် စောတွန်မ်ဆင်က အင်္ဂလန်မှာပညာသင်ယူရန်နေခဲ့သည်။
သတောကရင်ဘာသာရေးအသင်းခေါင်းဆောင်
ဖခင်ကြီးမကွယ်လွန်မီ ကရင်လူမျိုးတို့၏ဗီဇကို အခြေခံသော မိရိုးဖလာယုံကြည်ကိုးကွယ်မှု အယူဝါဒဂိုဏ်း ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်၊ ယင်းဘာသာရေးဂိုဏ်းကို တည်ထောင် ပေးခဲ့သူမှာ ဘိုးပိုက်ဆံ ခေါ် ဖူးဘူးဘွယ်မူး ဖြစ်ပြီး ဆင်ဖြူရှင်ဖြစ်လာသော ဒေါက်တာဒီဘိုးမင်းသည် ဘိုးပိုက်ဆံ၏ ဗျာဒိတ်အရ ဘာသာရေးဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ရသည်၊အဆိုပါ ဘာသာရေးဂိုဏ်း တရားဝင်ရပ်တည်နိုင်ရေးအတွက် ဒေါက်တာဒီဘိုးမင်း က (The Register of Joint Stock Companies, Burma) မှတ်တမ်းရုံးတွင် (The Society of Righteousness ) -သတောကရင်ဘာသာရေးအသင်း- တစ်သင်းအဖြစ် မှတ်ပုံတင်ခဲ့ သည်၊ ဒေါက်တာဒီဘိုးမင်း ကွယ်လွန်သွားသောအခါ ၄င်းအရိုက်အရာကို ဆက်ခံသူ ခေါင်း ဆောင်တစ်ဦးအဖြစ် သားကြီးဖြစ်သူ စောဂျွန်ဆင်ဒီဘိုးမင်းကို ယင်းဘာသာရေးအသင်း၏ အဖွဲ့ဝင်လူကြီးအားလုံးတို့က တညီတညွတ်တည်း သဘောတူလိုက်ကြသည်၊ လူမှာအမျိုး ကြက်မှာအရိုး-ဆိုရိုးစကားအတိုင်း စောဂျွန်ဆင်ဒီဘိုးမင်း၏ အဘိုးဖြစ်သူ ဖူးပယော်သဲ သည်လည်း ထိုစဉ်တစ်ချိန်က တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊ သဲဘောဒဲ ကရင်စုကျေးရွာ၌ သြဇာညောင်းသောကျေးရွာလူကြီးတစ်ဦးဖြစ်ခဲ့သည်၊ ဖခင်ကြီးမှာလည်း ထင်ပေါ်ကျော်ကြား သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒေါကလုခေါ် ကရင်အမျိုးသားအစည်းအရုံးအသင်း၏ ခေါင်းဆောင် တစ်ဦးလည်းဖြစ်ခဲ့သည်၊ ထို့ကြောင့် အများကို ခေါင်းဆောင်မှုပြုရသော စောဂျွန်ဒီဘိုးမင်း သည် မျိုးရိုးကပေးအပ်သော အမွေအနှစ်တစ်ခုဟု သတ်မှတ်ရမည်ဖြစ်သည်။
အမျိုးသားရေး
စောဂျွန်ဆင်ဒီဘိုးမင်းအနေဖြင့် ယင်းဘာသာရေးအသင်းခေါင်းဆောင်ကြီးနေရာကို နှစ်နှစ်တိုင်မျှ ဆောင်ရွက်နေချိန်မှာ ညီဖြစ်သူ စောတွန်မ်ဆင်ဒီဘိုးမင်းသည် အင်္ဂလန်နိုင်ငံ၌ ပညာဆည်းပူးမှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ၁၉၃၃-ခု၊ မေလတွင် ပြန်ရောက်ရှိလာခဲ့သည်၊ ထိုအ ချိန်ကာလ၌ မြန်မာနိုင်ငံတော်ကြီးတွင် ကိုလိုနီနယ်ချက်အုပ်စိုးမှုစနစ်လက်အောက်မှ လွတ် မြောက်ရန် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များတို့သည် နိုင်ငံရေးစိတ်ဓာတ် တက်ကြွနိုးကြားလာကြသောအချိန်ဖြစ်ပြီး မြန်မာပြည်လွတ်လပ်ရေးနှင့် အမျိုးသားများအ အတွက် လှုပ်ရှားလာကြသော အချိန်အခါလည်းဖြစ်သည်၊ စောဂျွန်ဆင်ဒီဘိုးမင်းသည် ဇာတိ သွေးပြည့်ဝသူတစ်ဦးဖြစ်သည့်အတိုင်း ထိုအချိန်က သူ၏အသက်အရွယ်အားဖြင့်လည်း လူ လတ်ပိုင်းအတွင်းသို့ ချင်းနင်းဝင်ရောက်လာချိန်ဖြစ်၍ အတွေးအခေါ်အယူအဆမှာလည်း ရင့် ကျက်မှုရရှိလာသည် ဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအတွက် အခြားသော တိုင်းရင်း သားခေါင်းဆောင်များနည်းတူ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန် စိတ်အားထက်သန်နေသူ တစ်ဦးဖြစ်သည်။
သို့ဖြစ်၍ ညီဖြစ်သူ စောတွန်မ် ဆင်ဒီဘိုးမင်း နိုင်ငံခြားမှ ပြန်လည်ရောက်ရှိပြီးမကြာမီ တွင် သာသားရေးနှင့်သာသက်ဆိုင်သော သတောကရင်အသင်းတော်ကြီး၏ နေရာကို ညီဖြစ် သူအား လွှဲပြောင်းပေးနိုင်ရေးအတွက် အသင်းလူကြီးများနှင့်တိုင်ပင်ပြီး စီစဉ်ဆောင်ရွက်ကြ သည်၊ ထို့ကြောင့် ၁၉၃၃-ခု၊ ဇွန်လ(၈)ရက်နေ့တွင် လက်ပံတန်းမြို့၌ အသင်းအစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပသည်၊ ထိုအစည်းအဝေးတွင် စောဂျွန်ဆင်ဒီဘိုးမင်းက အသင်း၏လက်ရှိ ဂိုဏ်းချုပ်ကြီးနေရာမှ နှုတ်ထွက်ပြီး ညီဖြစ်သူ စောတွန်မ်ဆင်ဒီဘိုးမင်းအား အသင်းလူကြီးများ အားလုံးတို့၏သဘောတူညီချက်ဖြင့် အသင်းကြီး၏ ဂိုဏ်းချုပ်ကြီးအဖြင့် တင်မြောက်လိုက်ကြ သည်။
ပါလီမန်အမတ်ဖြစ်လာခြင်း
၁၉၃၆-ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ ကျင်းပပြုလုပ်သော ရွေးကောက်ပွဲတွင် စောဂျွန်ဒီဘိုးမင်းသည် တောင်ငူခရိုင်မှ ကရင်နှင့် တောင်သူလူမျိုးများကို ကိုယ်စားပြုသော ပါလီမန်အမတ်တစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာမှ အနိုင်ရရှိ၍ ပါလီမန်အမတ်တစ်ဦး ဖြစ် လာသည်။ ထိုရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သော အခြားကိုယ်စားလှယ်လောင်းခြောက်ဦးကို မဲအပြတ်အသတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ကြိုးပမ်းချက်
ပါလီမန်အမတ်တစ်ဦးဖြစ်လာသည်နှင့် တစ်ပြိုင်နက် ကရင်တစ်မျိုးသားလုံးအတွက် လိုအပ် ချက်တစ်ခုဖြစ်သော ကရင်နှစ်သစ်ကူးနေ့ကို အစိုးရအသိအမှတ်ပြုတရားဝင်ရုံးပိတ်ရက်အဖြစ် -ဒေါကလု-အသင်း၏ ဆုံးဖြတ်ချက်အရ ကြိုးစားခဲ့ကြသော်လည်း အောင်မြင်ခဲ့ခြင်းမရှိသေး သည့် ယင်းကိစ္စကို ကိုင်တွယ်ဆောင်ရွက်ခဲ့သည်၊ ကရင်အမတ်တစ်ဦးဖြစ်သူစောမြတ်သိန်းနှင့်တိုင်ပင်ပြီး ယင်းကိစ္စအောင်အောင်မြင်မြင်ဖြင့် ဖြစ်လာစေရန် တစ်ခြားသောတိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်းများနှင့် အပေးအယူလုပ်ကာ ၄င်းတို့အားလုံး၏ ထောက်ခံမှုကိုရရှိခဲ့ခြင်းကြောင့် ကရင်နှစ်သစ်ကူးနေ့အရေးကိစ္စမှာ အောင်လံထူနိုင်ခဲ့သည်၊ ၄င်းကပင် မည်သည့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ မတင်သွင်းရဲသော လွှတ်တော်အမတ်လစာနှင့် ခရီးစရိတ်ရရှိရေးဥပဒေမူကြမ်းကို တင်သွင်းရာမှာလည်း အောင်မြင်မှုရရှိခဲ့သည်။
ထို့ပြင် လာဘ်စားမှုပပျောက်ရေးအတွက် အဆိုပြုမူကြမ်းတစ်ရပ်တင်သွင်းရာမှာလည်း ပါလီမန်က လက်ခံအတည်ပြုပေးပြီး လာဘ်စားမှုပပျောက်ရေးကော်မတီတစ်ခုကို အစိုးရက ဖွဲ့စည်းပေးလိုက်ရသည်၊
စောဂျွန်ဆင်ဒီဘိုးမင်း ပထမအကြိမ်ရွေးကောက်ခံခဲ့ရသော ပါလီမန်သက်တမ်း၌ ၄င်း မဲဆန္ဒနယ်မြေအတွက်သာမကဘဲ တိုင်းပြည်နှင့် ကရင်တစ်မျိုးသားလုံးအတွက်ပါ အကျိုးရှိ သော ဆောင်ရွက်ချက်များကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသော ကရင်လူထုကြီးက ထိုပါလီမန်သက်တမ်း ကုန်ဆုံး၍ နောက်တစ်ကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် စောဂျွန်ဆင်ဒီဘိုးမင်းကိုသာ ဆက်လက်ရွေးချယ်တင်မြောက်ကြဖို့ ကရင်လူထုအတွင်း ပြော ဆိုသံနှင့် ကရင်ဘာသာဖြင့် ထုတ်ဝေသောစာစောင်များ၌ ရေးသားတိုက်တွန်းမှုများ ဆက် တိုက်ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရသည်၊ စောဂျွန်ဆင်ဒီဘိုးမင်းကို ထောက်ခံကြောင်း နှင့် ၄င်းအား ဆက်လက်ရွေးကောက်တင်မြောက်စေလိုကြောင်း တိုက်တွန်းရေးသားသူများအ ထဲ၌ ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်သည့် ကရင့်သမိုင်း “ Burma and the Karen” စာအုပ်ရေး သားသူ ဆရာစောအောင်လှ၊ The Karen Times စာအုပ်ရေးသားသူ ဒေါက်တာစံစီဖိုး၊ ဂျာနယ်အယ်ဒီတာ ဒေါက်တာဒွေး စသည့်ပုဂ္ဂိုလ်ကျော်များ ပါဝင်သည်ကို တွေ့ရသည်။
သို့သော်လည်း ရွေးကောက်ပွဲ နောက်တစ်ကြိမ်ပြုလုပ်ရန် အချိန်မရောက်လာမီ ၁၉၄၀-ခုနှစ် အစောပိုင်းကာလကစပြီး ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်စစ်ရောင်များက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့လာသည်၊ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်အစိုးရ၏ ကြိုးဆွဲအုပ် ချုပ်မှုအောက်တွင် ရှိနေသည့်အတွက် မြန်မာပြည်တွင်းရေးအခြေအနေနှင့် ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပေါ်လာသည့် စစ်ရေးလှုပ်ရှားမှုအခြေအနေများကြောင့် ပြည်တွင်းလုံခြုံရေးကို ကွပ်ကဲထိန်း သိမ်းရန် ခက်ခဲမည့်အခြေအနေသို့ ဆိုက်ရောက်နို်င်သည်၊ ဤကဲ့သို့သော အခြေအနေမျိုးအောက်၌ အထွေထွေရွေးကောက်ပွဲကြီးပြုလုပ်ရန်မသင့်တော်ကြောင်း အင်္ဂလိပ်အစိုးရက ဆုံးဖြတ်လိုက်သည်၊ သို့ဖြစ်၍ ဘုရင်ခံ -ဆာဒေါ်မန်စမစ်-က နန်းရင်းဝန် ဦးစော အစိုးရအဖွဲ့နှင့်တိုင်ပင်ပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားပြီး လက်ရှိ ပါလီမန်သက်တမ်းကို ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်နှစ်မှ နောက်ထပ်ဆယ့်နှစ်လအထိ တိုးပေး လိုက်သည်။
ဆက်လက်ဖော်ပြပါမည်
Thursday, August 28, 2008
စောဂျွန်ဆင်ဒီဘိုးမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment