Thursday, August 7, 2008

အာဇာနည်ခေါင်းဆောင်ဝန်ကြီး မန်းဘခိုင်



အာဇာနည်ခေါင်းဆောင် ၀န်ကြီးမန်းဘခိုင်သည် ၁၉၀၃-ခုနှစ်၊ အောက်တိုဘာလ ၂၆-ရက်နေ့တွင် ဟင်္သာတမြို့အပိုင် ယုန်သလင်း ရွာတွင် မွေးဖွားသည်၊ မိဘနှစ်ပါးမှာ မန်းပေကုန်းနှင့် ဒေါပုတို့ဖြစ်ကြသည်၊ မွေးချင်း ၁၀ ဦးရှိရာ မန်းဘခိုင်သည် ပဉ္စမမြောက်ဖြစ်သည်၊ ယင်းမွေးချင်း (၁၀) ဦးအနက် ပထမနှင့် အဋ္ဌမမှာ မိန်းကလေး နှစ်ဦးဖြစ်ပြီး ကျန်ရှစ်ဦးသည် ယောက်ျားကလေးများ်း ဖြစ်ကြသည်၊ မန်းဘခိုင်နှင့် တစ်ယောက်ခြား သတ္တမမြောက် ညီ ဖြစ်သူ မန်းဘဆိုင်သည် ပထမတွင် ကရင့်ရေးရာဝန်ကြီးနှင့် ပြည့်သူလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ထိုမှ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သတိုးသီရိသုဓမ္မ မန်းဘဆိုင် ဖြစ်လာသည်၊
မန်းဘခိုင်သည် ငယ်စဉ်က ဟင်္သာတမြို့ (အေဘီအမ်) အထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သည်၊ ယင်းတို့၏ မျိုးရိုးမှာ ယုန်သလင်းရွာကို အခြေခံလျက် ခြံပိုင်ရှင်၊ မြေ ပိုင်ရှင်နှင့် သူကြီးမျိုးရိုးပင်ဖြစ်သည်၊ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ မန်းဘဆိုင်သည် အမျိုး သားရေး၊ နိုင်ငံရေးထဲမ၀င်မီ မျိုးရိုးအရ သူကြီးလုပ်ခဲ့ရာမှ မြန်မာတစ်နိုင်ငံလုံးရှိ သူကြီးဥက္ကဋ္ဌ အထိ ဖြစ်လာသည်။ မန်းဘခိုင်၊ မန်းဘဆိုင်၊ ဟုဆိုလျှင် ဟသာင်္တတစ်နယ်လုံးရှိ ကရင် ဗမာ အားလုံး ကြည်ညိုလေးစားကြသည့်အပြင် ဟင်္သာတမြို့ပေါ်ရှိ ဗမားများက ဦးလေးဘခိုင်၊ ဦးလေးဘဆိုင် ဟူ၍ ခေါ်ကြသည်။


အာဇာနည်ခေါင်းဆောင် ၀န်ကြီးမန်းဘခိုင်သည် အိမ်ထောင်နှစ်ဆက်ရှိသည်၊ ပထမ ဇနီးဒေါ်အေးလုံနှင့် သားသမီး (၈)ဦး ထွန်းကားရာ ယောက်ျားလေး ငါးဦးနှင့် မိန်းကလေး သုံး ဦးဖြစ်သည်၊ ဒုတိယအိမ်ထောင် ဒေါ်ခင်နီနှင့် သားတစ်ယောက် သမီးတစ်ယောက်ထွန်းကား သည်။ စုစုပေါင်း သူ၏မိဘနှစ်ပါးကဲ့သို့ပင် သားသမီး(၁၀)ယောက်တိတိ ထွန်းကားခဲ့သည်။

ပထမတွင် အာဇာနည်နေ့ ရောက်လျှင် အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိကို ဖော်ပြရာ၌ ၀န်ကြီးမန်းဘခိုင်၏ အတ္ထုပ္ပတ္တိတွင် ဒုတိယအိမ်ထောင် ဒေါ်နီ၏ အမည်ကိုသာ ထုတ်ပြလေ့ရှိသည်၊ ဤသို့ဖြင့် စားရေးသူသည် အိမ်စောင့်အစိုးရလက်ထက် ဗိုလ်တထောင် သတင်းစာ၌ ၀န်ကြီးမန်းဘခိုင်၏ ပထမအိမ်ထောင်အမည်နှင့် သားသမီး(၈)ဦးတို့၏ အမည် ကိုပါ ဖော်ထုတ်ရေးသားလိုက်ရာ ၀န်ကြီးမန်းဘခိုင်၏ အိမ်ထောင်ရေးဖြစ်စဉ်မှာ ပြီးပြည့် စုံသွားပါတော့သည်၊
(နိုင်ငံရေး အမျိုးသားရေး)
မန်းဘခိုင်သည် ပထမတွင် ရန်ကုန်မြို့ရှိ (အေစကော့) ကုမ္ပဏီ၌ အမှုထမ်းခဲ့ဖူးသည်၊ ပြီးလျှင် ယုန်သလင်းရွာ၌ စိုက်ပျိုးရေးနှင့် အရောင်းအ၀ယ်လုပ်ငန်းကို လုပ်ယင်း၊ လူမှုရေး လုပ်ငန်းတစ်ရပ်အနေနှင့် ရွာသူကြီးလည်း လုပ်ခဲ့ဘူးသည်၊ ထိုမှ တစတစဖြင့် အမျိုးသားရေး နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်လာရာ (၉၁)ဋ္ဌာန အုပ်ချုပ်ရေးခေတ်(၁၉၃၇)ခုနှစ်တွင် ပုသိမ် မြောက်ပိုင်း မဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်လာသည်။
ထိုစဉ်က အောက်လွှတ်တော်၌ ကရင်အမျိုးသား အမတ် (၁၂)ဦးအနက် မန်းဘခိုင် သည် တစ်ဦးအပါအ၀င်ဖြစ်သည်၊ (၁၉၃၈)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့ကို တရားဝင် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အဖြစ် ရရှိရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အောက်လွှတ်တော် ကရင်အမတ်တစ်ဦးအဖြစ်၎င်း၊ ဒေါကလု အသင်း၏ အမှုဆောင်လူကြီး တစ်ဦးအဖြစ်၎င်း ပါဝင် ခဲ့သည်၊
(၁၉၃၉) ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်လာသောအခါ မန်းဘခိုင်သည် ယုန်သလင်း ရွာတွင် ပြန်လည်နေထိုင်သည်၊ (၁၉၄၀) ပြည့်နှစ်၊ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါး မြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ကရက် ညီလာခံမှ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှုး ဖြစ်သော သခင်အောင်ဆန်းနှင့် သခင်းများသည် မြန်မာတစ်နိုင်ငံလုံးသို့ လှည့်လည်ကာ ဗြိတိသျှဆန့်ကျင်ရေးတရား ဟောပြောကြ၏၊ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ၌ အရေးပေါ် ကာကွယ်ရေးဥပဒေကို ထုတ်ပြန်၍ သခင်နှင့် ကျောင်းသားခေါင်းဆောင်များကို တရကြမ်း ဖမ်း ဆီးလေသည်၊ သခင်အောင်ဆန်းသည် ဟင်္သာတမြို့ပေါ်၌ ဗြိတိသျှဆန့်ကျင်ရေးတရား ဟော ပြောမှုကြောင့် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေနှင့် ဖမ်းဝရန်း ထုတ်လိုက်လေသည်၊ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှုးဖြစ်သူ သခင်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် ရှေ့တွင် အစီအစဉ်များရှိနေ၍ အဖမ်းမခံပဲ ဒေသခံသခင်ခေါင်းဆောင်များနှင့်အတူ ယုန်သ လင်းရွာရှိ မန်းဘခိုင်၏အစီအစဉ်ဖြင့် မန်းဘခိုင်တို့၏ ယုန်သလင်းရွာ ငှက်ပျောခြံ ထဲတွင် လုံခြုံဘေးကင်းစွာ သခင်အောင်ဆန်း ပုန်းအောင်းနေခဲ့သည်၊ (၁၉၄၅) ခုနှစ်၊ ဖက်စစ်တော်လှန်ရေး စတင်လာ သောအခါတွင်လည်း ဟင်္သာတခရိုင် ဖက်စစ်တော်လှန်ရေး ဋ္ဌာနချုပ်စခန်းကို ယင်း ယုန်သလင်းရွာရှိ မန်းဘခိုင်တို့၏ ငှက်ပျောခြံမှာ ပင် အသုံးပြုခဲ့ကြသည်။

မန်းဘခိုင်နှင့် စစ်ပြီးနိုင်ငံရေး
(၁၉၄၅) ခုနှစ်၊ ဇွန်လအတွင်း စစ်ရှုံးဂျပန်တပ်ဖွဲ့များနှင့် တော်လှန်ရေးသမားများအတွင်း တနင်္သာရီတို်င်းဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် ကရင်ခေါင်းဆောင်အချို့တို့ သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်၊ ဤတွင် ကရင်ခေါင်းဆောင်အားလုံးတို့၏ တူညီနေသော အတွေးအခေါ်တစ်ခုမှာ စစ်ပြီးခေတ် ကရင်အမျိုးသားရေးရာကို မည်သို့ မည်ပုံ ပြန်လည် စတင်မည်ဆိုသည့် ကိစ္စပင်ဖြစ်သည်။ သို့ဖြင့် (၁၉၄၅)ခု ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့အထိ အမှတ်(၅၂၈) အောက်ကြည့်မြည်တိုင်လမ်းတွင် ကရင်အမျိုးသားထု အစည်းအဝေးတစ်ရပ်ကို ခေါ်ဆိုလိုက် ကြသည်၊ ယင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းတွင်ရှိသော ကရင်ခေါင်းဆောင်များမှလွဲ၍ ကျန်ဒေသများမှ ကရင်ခေါင်းဆောင်များ အစုံအညီတက်ရောက်လာကြသည်။
ယင်းကရင်အမျိုးသားထု အစည်းအဝေးတွင် ယခင်ရှိနေသော ဒေါကလု အသင်းနှင့် ခေါင်းဆောင်များအား ပထမစဉ်းစားကြရ၏၊ သို့ရာတွင် စစ်အတွင်း ယင်းအဖွဲ့မှာ ရပ်ဆိုင်းသွား ရုံမျှမက လက်ရှိ ရှိနေသော ခေါင်းဆောင်အများစုသည်လည်း အိုမင်းမစွမ်းဖြစ်ကြသည်ကို တွေ့ရသဖြင့် ရှေ့အနာဂတ်တွင် ကရင်အမျိုးသားရေးဆောင် ရွက်ရန် အသင်းအဖွဲ့တစ်ခုလို အပ်ကြောင်းကို ဆုံးဖြတ်ခဲ့ကြသည်။
ယင်းသို့ ကရင်အဖွဲ့အစည်းတစ်ရပ် မဖွဲ့နိုင်သေးမီ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်နိုင်စေရန် ဗဟိုကရင်အမျိုးသား အကြံပေးဘုတ်အဖွဲ့ (Karen Central Advisory Board) ကို ဖွဲ့စည်းခဲ့ကြသည်၊ ယင်းသို့ဖြင့် (၁၉၄၅) ခုနှစ်၊ သြဂုတ်လ(၁၅) ရက်နေ့တွင် ဂျပန်က လက်နက်ချလိုက်ကြောင်း ကြေညာလိုက်သဖြင့် မြန်မာနိုင်ငံ အပါဝင် ကမ္ဘာ့အရှေ့ ဘက်ခြမ်း၌ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားလေသည်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေးနှင့် ညီညွတ်ရေးအတွက် ဖတပလ (ဖဆပလ) အဖွဲ့မှကြီးမှုးသော -နေသူရိန်- အစည်းအဝေးကြီးကို ကျင်းပသည်၊ ယင်း အစည်းအဝေးမှ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် (၃၆)ဦး အား ရွှေးချယ်ခန့်အပ်ရာတွင် ကရင် အမျိုးသား အကြံပေးဘုတ်အဖွဲ့ဝင်ဖြစ်ကြသော မန်း ဘခိုင်၊ စောဘဦးကြီးနှင့် ဆရာ သာထိုတို့ က ဗဟိုဦးစီးအဖွဲ့ဝင်များ ဖြစ်လာကြသည်။

ထိုမှ အောက်တိုဘာလရောက်လျှင် အောက်တိုဘာ(၁)ရက်နေ့မှ (၃)ရက်နေ့ အထိ ကြည့်မြည်တိုင်မြို့နယ်၊ ဦးလူနီလမ်းရှိ အိမ်အမှတ်(၂)၌ အထက်ဖော်ပြပါ ဗဟို ကရင်အမျိုး သား အကြံပေးဘုတ်အဖွဲ့အစည်းအဝေးကို ကျင်းပခဲ့သည်၊ ထိုအစည်း အဝေးတွင် ယခင် ဗဟိုကရင်အကြံပေးဘုတ်အဖွဲ့အစား ကရင်အမျိုးသားဗဟိုအဖွဲ့ ချုပ် (Karen Central Organization) ဟူ၍ ခေါ်ဝေါ်ဖွဲ့စည်းခဲ့ကြသည်၊ ယင်း (K.C.O) ကရင်အမျိုးသားအဖွဲ့သည် ဒေါကလု အသင်းပြီးလျှင် စစ်ပြီးခေတ်၌ ပထမဖွဲ့စည်းခဲ့ သည့် ကရင်အမျိုးသား အဖွဲ့အစည်း တစ်ခုပင်ဖြစ်သည်။

မန်းဘခိုင်သည် (K.C.O) အဖွဲ့၏ ကော်မတီအမှုဆောင်လူကြီးအဖြစ် စောမြ သိန်းနှင့် အတူဆောင်ရွက်ကြပြီး (K.Y.O) ခေါ် Karen Youth Organization အဖွဲ့မှာ လည်း မန်းဘ ခိုင်သည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်၊ (၁၉၄၇)ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပ သော တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲသို့ မန်းဘခိုင်နှင့် မန်းဝင်းမောင်တို့ ခေါင်းဆောင် သော (K.Y.O) က ၀င်ရောက်ရာ ၀န်ကြီးမန်းဘခိုင် သည် မိမိဇာတိ ဟင်္သာတကရင် သီးသန့် မဲဆန္ဒနယ်မှ ရွေးချယ်ခြင်းခံရသည်၊ သို့ဖြစ်၍ မန်းဘခိုင်သည် အာဇာနည်ခေါင်းဆောင်အဖြစ် ကျဆုံးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကြားဖြတ်အစိုးရအဖွဲ့တွင် အလုပ်သမားနှင့် စက်မှု လက်မှုဝန်ကြီးဋ္ဌာန၏ ၀န်ကြီးလည်း ဖြစ်၊ တိုင်းပြည်ပြုလွှတ်တော်အမတ်နှင့် (K.Y.O) ဥက္ကဋ္ဌ လည်းဖြစ်လေသည်၊ လွတ်လပ်သော မြန်မာနိုင်ငံအစိုးရကို ဖွဲ့စည်းတည်ထောင်သောအခါ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မန်းဘခိုင်၏ တည်ကြည်ထက်မြက်မှုအရ ဒုတိယ၀န်ကြီးချုပ် အထိ ခန့်အပ်ရန် ရည်ရွက်ချက်ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ဖွင့်ဟပြောဆိုခဲ့ဘူးသည်။
ဆရာမောင်စင်ကြယ်

No comments: